Fact Hub ဟာ သုတေသနအခြေပြု ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေကို မြန်မာဘာသာနဲ့ ရေးသားမျှဝေနေတဲ့ ဒစ်ဂျစ်တယ် မဂ္ဂဇင်းတစ်ခုပါ။
မဂ္ဂဇင်းက ထုတ်ဝေတဲ့ အကြောင်းအရာမှန်သမျှကို ဖတ်ရှုသူ လူအများ ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့ ဦးစားပေးတဲ့အပြင် သတ်မှတ်အရည်အသွေးပြည့်မီဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို အဆင့်ဆင့်ဖြတ်ကျော်ပြီးမှ စာဖတ်သူတွေဆီ ထုတ်ဝေတာပါ။ အဲ့ဒီထဲမှာ အချက်အလက်စစ်ဆေးတဲ့ (Fact-check) လုပ်ငန်းစဉ်လဲ ပါဝင်ပါတယ်။ FH က ထုတ်ဝေတဲ့ အကြောင်းအရာတွေ အကုန်လုံးကို မီဒီယာတွေပေါ် publish မလုပ်ခင်မှာ အချက်အလက်စစ်ဆေးတဲ့ အဆင့်နှစ်ဆင့်ကို ဖြတ်ကျော်ရပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို FH ရဲ့ Fact Check အဖွဲ့က လုပ်ဆောင်တာပါ။ FH Fact Check အဖွဲ့ဟာ Fact Hub က မျှဝေတဲ့ content တွေရဲ့ အချက်အလက်ပိုင်းယုံကြည်စိတ်ချရနိုင်မှု အရည်အသွေးအတွက် တာဝန်ရှိပြီး ပြင်ပက ပေးပို့လာတဲ့ အချက်အလက်မှားတွေနဲ့ လူထုကြားပြန့်နှံ့လျက်ရှိတဲ့ အချက်အလက်မှားတွေကိုပါ တိုက်ဖျက် စစ်ဆေးဖို့အတွက် ကနဦးတာဝန်ယူထားပါတယ်။
လုပ်ဆောင်မှု (၁)
အဆင့် (၁) - Pre-check
Pre-check အဆင့်တွင် အချက်အလက် စစ်ဆေးသူများသည် စာရေးသူများမှ ပေးပို့ထားသည့် Content Preview document များအား ကနဦးစစ်ဆေးမည်ဖြစ်ပါသည်။ အဆိုပါ preview များအတွင်းတွင် စာရေးသူများအနေဖြင့် မိမိရေးသားမည့် ခေါင်းစဉ်၊ ခေါင်းစဉ်အတွင်း ပါဝင်မည့် အကြောင်းအရာများနှင့် ၎င်းအကြောင်းအရာအတွင်း ထည့်သွင်းအသုံးပြုမည့် ရင်းမြစ်များကိုပါ ထည့်သွင်းဖော်ပြထားပေးသည်။ သို့ဖြစ်၍ အချက်အလက်စစ်ဆေးသူသည် ၎င်းအကြောင်းအရာနှင့် စပ်လျဉ်း၍ ရရှိထားသည့် ရင်းမြစ်အား စတင် scan လုပ်မည်ဖြစ်သည်။ Fact Check အဖွဲ့၏ စိတ်ချယုံကြည်ရနိုင်သည်ဟု သတ်မှတ်ထားသည့် ဒေတာဘေ့စ် library အတွင်း ပါဝင်သည့် Primary Sources များဖြစ်ပါက pre-check အဆင့်ပြီးမြောက်မည်ဖြစ်ပြီး စာရင်းအတွင်း မပါဝင်ပါက ၎င်းရင်းမြစ်၏ နောက်ခံ၊ ပုံရိပ်နှင့် တည်ရှိမှုများအား စတင်စစ်ဆေးမည်ဖြစ်သည်။ တိကျခိုင်မာသည့် ဦးတည်ချက်များ၊ နောက်ခံအကြောင်းအရာနှင့် ၎င်း၏ တည်ရှိမှုတို့အား တရားဝင်ဖော်ပြထားပြီး ယုံကြည်စိတ်ချရနိုင်သည့် အကြောင်းအရာရင်းမြစ်များ အဖြစ် သတ်မှတ်နိုင်သည့် လက္ခဏာများပါရှိပါက Pre-check ပထမအဆင့်အောင်မြင်မည်ဖြစ်သည်။ ပထမအဆင့်ပြီးမြောက်ပါက ၎င်းအကြောင်းအရာအား အခြားယုံကြည်ရသည့် ရင်းမြစ်များမှ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားခြင်း ရှိ/မရှိကို Cross-reference နည်းဖြင့် လိုက်လံရှာဖွေမည်ဖြစ်သည်။ လိုက်လံရှာဖွေသည့်နေရာတွင် အဆိုပါအကြောင်းအရာအား ဒေတာအခြေပြု သုတေသနစာတမ်းများနှင့် နောက်ခံကြီးမားပြီး သင့်တင့်သည့် ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်း/မီဒီယာများမှ ဘုံဖော်ပြထားခြင်းရှိလျှင်၊ နိုင်ငံတကာတက္ကသိုလ်များမှ သုတေသနဖော်ပြချက်များ၊ Paper-work များရှိလျှင် ယုံကြည်စိတ်ချနိုင်သည့် အကြောင်းအရာ၊ အတည်ပြုနိုင်သည့် အကြောင်းအရာအဖြစ် သတ်မှတ်မည်ဖြစ်သည်။ အကြောင်းအရာတစ်ခုအား Trusted source အဖြစ် သတ်မှတ်နိုင်မည့် ရင်းမြစ် အနည်းဆုံး သုံးခုမှ ဘုံဖော်ပြထားခြင်းရှိမှသာလျှင် ၎င်းအကြောင်းအရာ၏ pre-check အဆင့် ပြီးမြောက်မည်ဖြစ်သည်။ ဖော်ပြပါ သတ်မှတ်ချက်များနှင့် မကိုက်ညီပါမူ အချက်အလက်မှားအဖြစ် မသတ်မှတ်နိုင်သေးသည့်တိုင် အချက်အလက်မှန်အဖြစ် စိတ်ချယုံကြည်ပြီး ရင်းမြစ်သတ်မှတ်နိုင်ဖို့ရာ အန္တရာယ်ကြီးမားသည့်အတွက် pre-check အဆင့်တွင် ခေတ္တဆိုင်းထားမည်။ ထိုအခြေအနေတွင်တည်ရှိနေသည့် ရင်းမြစ်သည် နောက်ခံပုံရိပ်အတော်အတန်ကြီးမားသော်ငြား ၎င်းတို့ဖော်ပြမှုအား အခြားမည်သည့်အဖွဲ့အစည်းမှ ဖော်ပြထားခြင်းမရှိပါက ၎င်းရင်းမြစ်၏ ဘက်ယိမ်းမှု (Bias)၊ အချက်အလက်တိကျမှန်ကန်မှု (Reliability)၊ ယုံကြည်စိတ်ချရနိုင်မှု (Credibility) rate များအား ဆက်လက် စစ်ဆေးမည်ဖြစ်သည်။ စစ်ဆေးမှုတွင် ရင်းမြစ်အဖြစ် ယုံကြည်စိတ်ချနိုင်သည့် rating တစ်ခုရရှိပါက ၎င်းရင်းမြစ်အား အသုံးပြုနိုင်ပြီး မရှိပါက အချက်အလက်မှားအဖြစ် သတ်မှတ်ပြီး ထိုအကြောင်းအရာနှင့် ပတ်သက်၍ လုပ်ဆောင်မှုအားလုံးအား ရပ်တန့်မည်ဖြစ်သည်။